ကျိန်းရိပ်မြေမှ လှိုက်လှဲစွာ ကြိုဆိုပါ၏။

Wednesday, October 6, 2010

မိနှင်းငယ်သို့

မိနှင်းငယ်သို့ (၁)
မိနှင်းငယ်ရေ
ဒီနေ့ဟာ ငါမင်းကို သိပ်လွမ်းတဲ့နေ့ပေါ့
ဘာကိုမှမခံစားချင်လောက်တဲ့ ဝေဒနာပေါ့
ငါ့ဘ၀ရဲ့ အနာအဆာတွေကို ငါအလိုမကျ
ငါ့လောကရဲ့ စိတ်ပျက်စရာတွေကို ငါအထာမကျ
ဒီနေ့ အိပ်ယာထတယ်
ဒီနေ့ထမင်းစားတယ်
ဒီနေ့ ဟိုသွားသည်သွားတယ်
ဒီနေ့ အတွေးတွေ လေမှာလွှင့်တယ်
မင်းကို သိပ်လွမ်းနေလို့
ဒီနေ့ ငါအကုန်လျှောက်လုပ်တယ်ပေါ့ကွာ။
ငါ့မှာဟာသတွေပြောပြီး ရယ်မရတာ
ကဗျာတွေရေးပြီး ကဗျာမဆန်တာ
ပျော်ချင်ယောင်ဆောင်ပြီး ငါ့စိတ်တွေတိုနေတာ
မိနှင်းငယ်ရေ
ချမ်းသာဖို့ ပိုက်ဆံလိုတယ်ဆိုသူတွေကိုပြောလိုက်
ကဗျာရေးနည်းစာအုပ်ထုတ်သူတွေကို ပြောလိုက်
အမှိုက်လို ဒိုက်လိုလူတွေကိုပြောလိုက်
ရေတိမ်မှ မဟုတ်ဘူး
ဥာဏ်တိမ်ရင်လည်း နစ်တတ်တယ်လို့
မိနှင်းငယ်ရေ
ပညာသားပါပါလေး ငါ့ကိုချစ်ပြီး
ပညာသားပါပါလေး ငါ့ကိုလွမ်းပါ
ငါ့မှာပညာသားပါပါလေး အသက်ရှင်နေရကြောင်း
မင်းသတိပြုပါ။
ဒီနေ့ စမ်းချောင်းလေးထဲမှာ
ငါးသေးသေးလေးတွေ ကူးခတ်နေတာ
ရေစီးသံတွေက ဂီတလိုဖြစ်နေတာ
တောနဲ့ တောင်တွေ ထပ်နေတာ
ဟောဒီ ရာဘာပင်တွေရှိတဲ့အရပ်မှာ
ငါဘာကိုခံစားနားလည်ရမလဲ
လူ့ဘ၀ဆိုတဲ့ အကြောင်းအရာကိုရှင်းပြရင်း
မင်းနားမလည်တဲ့ ဘာသာစကားများနဲ့ ငါ့ကို
မင်းမသိရှိသော ရူးသွပ်မှုများနဲ့ ငါ့ကို
နေရစ်တော့လို့ မင်းထားလေမလား
ဒီနေ့ မြောက်အရပ်ဆီက လေတွေသိပ်တိုက်တာပဲ။
မိနှင်းငယ်ရေ
လမ်းပေါ်ကလူတွေအကြောင်းမှတ်မိသေးလား
ကိုယ့်လမ်းနဲ့ ကိုယ့်အရှိန်နဲ့
ငါ့မှာ ကွဲအက်ခါနီး အင်ဂျင်တစ်လုံးနဲ့
ငါ့ကိုဖြတ်ကျော်သွားသော အင်ဂျင်ခပ်သန့်သန့်များ
သူတို့လမ်းတွေမှာ ငါဟာအရှိန်လျှော့သူပါ
လမ်းဘေးကို ခဏခဏချမောင်းရသူပါ
ငါဟာ အဆဲဆိုခံရသူ အနှေးယာဉ်လေးပေါ့
ဒီနေ့ ငါ့ကိုကျော်တက်သော နေ့စဉ်ရက်ဆက်များ
ပွတ်သီစွာ ကပ်ဖွဲ့စွာ
ဒီနေ့ ဒီလမ်း ဒီလေမှာ
ငါဘယ်လို အသက်ရှင်ရမလဲ။
ဒီနေ့ ငါ့အိပ်မက်ထဲမှာ
ငါဟာသေဆုံးနေခဲ့ပြီး
ငါဟာငါ့အသက်ကို ပျော်ရွှင်စွာ နုတ်ယူခဲ့ပြီး
ငါရေးသောကဗျာများကို ပြန်ဖတ်နေမိပြီး
ငါချစ်သော မန္တလေးကို ပြန်မြင်နေမိပြီး
ငါမပျော်ဝင်နိုင်သော လူ့လောကကို ဟားတိုက်ကာ
ငါမင်းကိုသိပ်လွမ်းနေမိသည်။
မြတ်ဝေ................
 
မိနှင်းငယ်သို့ (၂)
အရာရာ တစ်ယောက်တည်းပါကွယ်
ကိုယ်လွမ်းနေတဲ့အခါ
ညတွေကို အခါခါရေတွက်လို့
ကျေးငှက်သံတွေကို ဂီတလိုနားဆင်လို့
လရောင်တွေနဲ့ လန့်လန့်နိုးလို့
သိပ်ဆိုးတဲ့ အထီးကျန်ဆန်မှုမျိုးနဲ့
အိပ်မက်တွေရဲ့  အပြင်မှာ
အခါခါလန့်နိုးခဲ့ရပေါ့ နှင်းရေ
အခုလို တောတွေတောင်တွေအလယ်မှာ
သော်ကရဲ့  ကာတွန်းစာအုပ်တွေကိုင်ပြီး
ဆွေမင်းဓနုဖြူရဲ့  မြိုင်ရာဇာတွတ်ပီကြီးလိုလုပ်ပြီး
ဆင်၀၀ဖီးဖီးကြီးတွေ ရှိတဲ့ ဒီအရပ်မှာ
အလွမ်းတွေမပါပဲ ကိုယ်ပျော်နေချင်တယ်
ရာဘာပင်တွေ သီဟိုဠ်ပင်တွေအောက်မှာ
အေးချမ်းပျော်ရွှင်စွာ အိပ်စက်နေချင်တယ်
ကိုယ်ဖတ်ချင်နေတဲ့ဝတ္တုမျိုးတွေ
ကိုယ်ထိတွေ့ချင်နေတဲ့ ကဗျာတွေ
ကိုယ်သိထားတဲ့ မီဒီယာဆိုတာတွေ
ကိုယ်သိပ်လွမ်းနေရတဲ့ အရာရာတွေ
ဟောဒီအရပ်မှာ ဘာမှမရှိဘူးကွယ်
ကမ္ဘာကြီးနဲ့ပြန်ဆက်သွယ်လို့ရမယ်ဆိုရင်
ခေတ်ပေါ်အာရုံနဲ့ အလွမ်းကဗျာတွေရေးချင်တယ်
မင်္ဂလာပါ လို့ ပြောပြီးအားလုံးကို နှုတ်ဆက်ချင်တယ်။
မြတ်ဝေ........................................
 
မိနှင်းငယ်သို့ (၃)
(၃) လကျော်မှ ပါလာမယ့် ဒီကဗျာလေးထဲမှာ
လူတစ်ယောက်ရဲ့  အလွမ်းတွေ ပါတယ်
မနက်ခင်းက မြူလိုလို နှင်းလိုလို ဖြူမှုန်နေတဲ့အခါပေါ့
အတွေးဟာ လူတစ်ယောက်ကို သတ်ပစ်နိုင်တယ်ဆိုရင်
ကိုယ်သေလိုက်ချင်တယ်
ဘ၀မှာ မဖြစ်ချင်တာတွေလည်း ဖြစ်ခဲ့ရတယ်
ဖြစ်ချင်တာအနည်းငယ်လည်း ဖြစ်ခဲ့ရတယ်
သေချာတာကတော့ စိတ်ကူးထဲက နန်းတော်ကြီးဟာ
စိတ်ကူးယဉ်မှုသက်သက် ဖြစ်ခဲ့တာပဲ
အမှန်တရားဆိုတာ မျှော်လင့်နေတဲ့ လူတွေရဲ့ 
အသက်ရှင်မှု ဘာသာစကားပဲ
ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲတွေကပေးလိုက်တဲ့ အသိတရားပဲ
သေခြင်းတရားအတွက် အသင့်မဖြစ်သေးခင်မှာ
သေဆုံးခဲ့ရတဲ့ လူတွေရဲ့  သွေးတွေက
ရှမ်းရိုးမက မြေတွေကို နီကျင်စေခဲ့ပြီ
ခုတ်လှဲခံရတဲ့ သစ်ပင်တွေရဲ့  အော်သံဟာ ကမ္ဘာဆီပြန်လာခဲ့ပြီ
ကိုယ်တို့ ဘာကို အကောင်းမြင်ရမှာလဲ
ကိုယ်တို့ ဘယ်မှာ ပျော်ရွှင်ရမှာလဲ
အချစ်ဆိုတာ နားလည်ဖို့ခက်တဲ့ အကိုင်းအခက်တွေ
အဝေးကမင်းရယ်သံကို မကြားရတာကြာတော့
စိတ်ထဲက အဆင်မပြေမှုက ပတ်ဝန်းကျင်ကို အရောင်ဆိုးခဲ့တယ်
သေချာတာတွေပဲ ပြောချင်နေတဲ့ ကဗျာဆရာက
စိတ်ကူးယဉ်သမားသက်သက် ပါကွယ်
တို့တတွေ ရေးဆွဲခဲ့တဲ့ အလင်းရောင်မှာ အဖြူတွေဖွေးဖွေးလှုပ်ပြီး
တို့တတွေ တွေ့ရှိခဲ့တဲ့ ပျော်ရွှင်မှုဟာ အ၀ါရောင် ရွက်ခြောက်လေးပါကွယ်
မာနကြီးတတ်တဲ့ ကဗျာဆရာတစ်ယောက်ဟာ
ကြောက်ရွံလွန်းသော ရဲရင့်သူဖြစ်တယ်
အဆင်မပြေခြင်းဟာ
ကဗျာဆရာတစ်ယောက်ရဲ့  အသက်ဓါတ်ဖြစ်တယ်
သစ်ပင်မြင့်မြင့်ကြီးတွေဖြစ်ဖြစ် သစ်ပင်နိမ့်နိမ့်လေးတွေဖြစ်ဖြစ်
သစ်ပင်ဟာ သစ်ပင်ပါကွယ်
မအောင်မြင်ခဲ့သော အမှန်တရားဖြစ်စေ လူမသိခဲ့သော အမှန်တရားဖြစ်စေ
အမှန်ဟာ အမှန်ပါကွယ်
ဆင်းရဲသားတစ်ယောက်ရဲ့  အချစ်ဆိုဆို လူချမ်းသာရဲ့  အချစ်ဆိုဆို
အချစ်ဟာ အချစ်ပါကွယ်
အဆင်ပြေသော အလွမ်းပြောပြော အဆင်မသင့်သော အလွမ်းပြောပြော
အလွမ်းဟာ အလွမ်းပါကွယ်
ဟောဒီ တောင်တန်းကြီးတွေဟာ ကိုယ်တို့ရဲ့  အသက်ဖြစ်တယ်
ဟောဒီ မြစ်ကြီးတွေဟာ ကိုယ်တို့ သွေးကြောတွေဖြစ်တယ်
ဒီမြေဟာ ငါတို့မြေ
ဒီပြည်ဟာ ငါတို့ပြည်
ဒီအရပ်မှာ ငါတို့ လွတ်လပ်မှုတွေရှိတယ်
ဒီကမ္ဘာကြီးကို ကိုယ်တို့အရောင်မဆိုးသင့်ပါဘူးကွယ်
အရောင်တွေ အကြောင်းကို သိပ်မသိသူအနေနဲ့
ဒီကမ္ဘာကို အရောင်မဆိုးသင့်ပါဘူးကွယ်
ကဗျာဆရာရဲ့  အလွမ်းတွေကိုရတဲ့
ကဗျာဆရာကို ကဗျာတွေရေးစေတဲ့သူဟာ သိပ်တော်သတဲ့
သေခါနီး လူတစ်ယောက်ကို အလိုလိုက်သလိုမျိုး
ကိုယ့်ကိုကိုယ် အလိုလိုက်ခဲ့တယ်
ကဗျာဆရာဟာ သေဆုံးခါနီးပါပြီကွယ်။ ။
မြတ်ဝေ....................................
 
မိနှင်းငယ်သို့(၄)
အချစ်ဟာခေတ်မှာေ၀၀ါးခဲ့ပါပြီကွယ်...
ဘာလဲဘာလဲလို့မမေးနဲ့အချစ်ရေ
ချာလီချက်ပလင်က မျက်မမြင်ပန်းသည်မလေးကို ချစ်သလိုမျိုး
Mr.Bean က သူ့ဝတ်ဝံရုပ်လေးကို ချစ်သလိုမျိုး
ကဗျာဆရာက သူ့ကဗျာတွေကို ချစ်သလိုမျိုး
မန္တလေးက အနုပညာကိုချစ်သလိုမျိုး 
ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်ကိုချစ်သလိုမျိုး
ငါ မင်းကို ချစ်တယ် ဆိုတာ ယုံ ။ ။
မြတ်ဝေ.......................................
 
မိနှင်းငယ်သို့(၅)
အရာရာကိုယ့်ဘက်မှာမရှိတော့တဲ့အခါပေါ့
ရာသီဥတုက ကိုယ့်ဘက်မှာမရှိဘူး
အခြေအနေက ကိုယ့်ဘက်မှာမရှိဘူး
အနေအထားက ကိုယ့်ဘက်မှာမရှိဘူး
အခွင့်အရေးက ကိုယ့်ဘက်မှာမရှိဘူး
ဆိုးကိုဆိုးလွန်းတဲ့အဖြစ်ကို တွေးပူနေရသလို
လိုင်းကားပေါ်တက်လိုက်ရမလား လမ်းလျှောက်ရမလား
အကုန်အကျသက်သာဖို့  အသားထဲကစိမ့်ထွက်လာတဲ့ရေ
ငါးဆယ်လား နှစ်ရာလား ဘ၀ကိုဝယ်မှာလား
ကိုယ့်ဆီမှာဘာတွေ ဘယ်လောက်ရှိပြီး ဘာတွေတောင်းဆိုခွင့်ရှိလဲ
ကိုယ်ကဘယ်အစားထဲကနေပြီး
မနက်ဖြန်မှာ ဘယ်ပုံစံနဲ့  ထမင်းစားရမလဲ
ဝတ်ကောင်းစားလှတွေနဲ့  သုတ်သုတ်ပြာပြာရန်ကုန်မှာ
မရှိတာတွေကို ရှိသလိုဟန်လုပ်ဖို့ 
အမှန်တရားကို ၀ှက်ဖဲလိုမှောက်ထားရမလား
ကဗျာမဟုတ်တာကို ကဗျာလုပ်ဖို့ 
စာမျက်နှာပေါ်ပို့ ဖို့ 
အနုပညာကို ပက်လက်လှန်ထားရမလား
တခြားဦးနှောက်နဲ့  ကိုယ့်အတွေးလုပ်ဖို့ 
ကိုယ်ကျင့်သိက္ခာကို မေ့မေ့ထားရမလား
တစ်နေရာရာမှာ စုပြုံထိုင်ပြီး
တစ်ယောက်ယောက်လာရင် တစ်ခုခုမေးရမယ်ဆိုတဲ့
အသိနဲ့ 
ကမ္ဘာကြီးကို မကောင်းမြင်ကြည့်ရမလား
ပညာကို မကောင်းမြင်ကြည့်ရမလား
ချမ်းသာဖို့  ဂုဏ်ရှိဖို့ 
ရော့ အင့် ဆိုပြီး ထိုးထိုးကျွေးရမလား
လာဟာ လာကွာ ဆိုပြီး ဆွဲ ဆွဲ စားရမလား
လူမှုဆက်ဆံရေးအဆင်ပြေဖို့ 
ပြုံးပြုံးပြပြီးမှ မဲ့ရွဲ့ နေရမှာလား
မျက်နှာမျာရှိတဲ့ အကြောတွေနဲ့ 
စိတ်ထဲမှာရှိတဲ့ အချဉ်တွေ
တတ်ထားတဲ့ဘာသာစကားကိုလွန်ပြီး သင်ထားတဲ့ဘာသာစကား
မမြင်တတ် မကြည့်တတ်ဘဲ လုပ်ဇာတ်ထဲက အကြောင်းအရာ
အရေး အခြစ်
မကြုံတွေ့ ရတဲ့ ဇာတ်လမ်းကို ရမ်းကုချင်တဲ့ အပြုအမူတွေ
အဖတ် အပြော
ဒါမျိုးတွေနဲ့  အမောဖြေရမလား
ဒီပုံမျိုးနဲ့  တည်ဆောက်ရမလား
နေလာတာကြာတော့ နောတွေလည်းကြေနေပြီ
ပလီစိချောက်ချက် ထွက်လာတဲ့အသက်နဲ့ 
ပစိပစပ်များ ပလုပ်ပလောင်းပြောသွား
အရာရာကို ချစ်တဲ့စိတ်နဲ့ မေ့ထားရမလား
တစ်ယောက်က အထာဆို တစ်ယောက်က အထာ
တစ်ယောက်က ကညာဆို တစ်ယောက်က ကညာ
တစ်ယောက်က ဗလာဆို တစ်ယောက်က ဗလာ
ဝလုံးရေးတဲ့နည်းပညာ အဖွဲ့ အနွဲ့ 
သုညတွေထပ်နေတဲ့ အတတ်ပညာ
စိတ်ကျန်းမာရေး ဆေးရုံကြီးပေါ်မှာ
ကိုယ်ဟာ တငိုငို တရီရီ ရွာကျလို့ 
မြင်နေကြားနေရတာကို တဟီဟီရယ်ဟားလို့ 
စိတ် လွင့်နေ
ကြွနေ
ကျနေ
တခြားနာမည်နဲ့  သေနေတဲ့ကဗျာတွေ
ဆေးတို့ ထားတဲ့ကဗျာတွေကို ယုံယုံကြည်ကြည်ကိုက်ဝါးရမလား
အခန်းတွေ ပေးမယ်
အခန်းတွေနဲ့  နေရမယ်
အခန်းတွေနဲ့  သေရမယ်
ကမ္ဘာမှာ
ကြက်ဥ အတု
ဆန် အတု
အပြုံး တု
အတွေး တု
ယုံကြည်မှု အတု
ခံစားမှု အတု
စုတု စုတု နဲ့ 
ပြုဆီမရောက်နိုင်တဲ့  ထစ်ထစ်နေသောဓာတ်ပြားများ
ဖွင့်လို့ မရနိုင်လို့  ထားပါတော့ဆိုပါဆို့ 
ဘကြီးအောင်ညာတာနဲ့  ကဗျာဆရာညာတာ
ဘယ်ဟာပိုဆိုးသလဲ
ကဲ
ဖြေ။ 
မြတ်ဝေ........၇.၁၀.၂၀၀၉





No comments:

Post a Comment